ရုံးတွင်းစနစ်တကျစီမံခန့်ခွဲခြင်း

ရုံးတွင်းစီမံခန့်ခွဲမှုဆိုတာဟာ ရုံးတွင်းလှုပ်ရှားမှုများကိုညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး ထိရောက်တဲ့လုပ်ငန်းခွင်အတွေ့အကြုံများဖန်တီးရန် နှင့် လုပ်ငန်းအတွက်အကောင်းဆုံးအလားအလာများကိုဖန်တီးနိုင်ရန်အတွက် အလုပ်ခွင်၏ အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းများရဲ့ သက်ဆိုင်ရာလုပ်ငန်းများကို လွယ်ကူစွာလုပ်ကိုင်နိုင်စေခြင်းနှင့် ၀န်ထမ်းများအနေနှင့်လည်းစိတ်ကျေနပ်မှုရရှိနိုင်ခြင်းတို့ကြောင့် ရုံးတွင်းစီမံခန့်ခွဲမှုဟာ အဖွဲ့အစည်းနှင့်သက်ဆိုင်သောရည်မှန်းချက်များအား အောင်မြင်အောင်လုပ်ဆောင်ရာမှာ များစွာအရေးပါ ပါတယ်။

အောက်မှာဖော်ပြထားတာတွေကတော့ ထိရောက်တဲ့ရုံးတွင်းစီမံခန့်ခွဲမှုစနစ်တစ်ခုတည်ဆောက်ရာမှာ (အသေးစား သို့မဟုတ် အကြီးစား) စီးပွားရေးလုပ်ငန်းတိုင်းအတွက်ထိရောက်မဲ့ အရေးကြီးတဲ့အချက်အလက်တစ်ချို့ပဲဖြစ်ပါတယ်။

• လုပ်ငန်းအရင်းအမြစ်များအားစီမံခန့်ခွဲခြင်း – လုပ်ငန်း၏အရင်းအမြစ်တွေကိုထိရောက်စွာအသုံးပြုနိုင်ရန်နဲ့ အချိန်ကုန်ခြင်း၊ အရင်းအမြစ်များလေလွင့်ခြင်း နဲ့ တလွဲသုံးစွဲခြင်းတို့ကိုလျော့နည်းစေရန် စနစ်တစ်ခုကိုဖန်တီးတည်ဆောက်ခြင်း။ ဥပမာအားဖြင့် ရုံးသုံးပစ္စည်းများ သုံးစွဲခြင်းအတွက် ရှင်းလင်းသောစည်းမျဉ်းစည်းကမ်းများချမှတ်ပေးထားခြင်းနှင့် အလုပ်သမားတစ်ဦးစီအတွက် တိကျသောလုပ်ငန်းတာဝန်သတ်မှတ်ပေးခြင်း။

• ထိရောက်သောပြောဆိုဆက်သွယ်ခြင်း – လုပ်ငန်းတွင်းတွင် ပုံမှန်ဆက်ဆံပြောဆိုခြင်းဖြင့် ပဋိပက္ခ သို့မဟုတ် နားလည်မှုလွဲမှားခြင်းတို့ကိုရှောင်ကြဉ်နိုင်ပြီး ၎င်းပြသာနာများကနေဖြစ်တဲ့ ရုံးလုပ်ငန်းများအပေါ် ထိခိုက်သက်ရောက်မှုတွေ မရှိနိုင်မှာဖြစ်ပါတယ်။ အပတ်စဉ်ရုံးတွင်းအစည်းအဝေးများပြုလုပ်ခြင်းက ဆက်ဆံရေးကွာဟချက်ကိုလျော့နည်းစေပါတယ်။ နောက်ပြီးတော့ လုပ်ငန်းတိုးတက်မှုနှင့်ပတ်သက်၍လည်း လူတိုင်းကိုအချိန်နဲ့တပြေးညီသိရှိစေပြီး အခက်အခဲများရှိပါက ချက်ချင်းပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

• ရုံးသုံးပစ္စည်းများအားစီမံခန့်ခွဲခြင်း – ကွန်ပျူတာ၊ Wifi နှင့် ရုံးသုံးယာဉ်များ အစရှိသည့် ရုံးသုံးပစ္စည်းများကို ကောင်းစွာလည်ပတ်နိုင်ရန် စီမံထိန်းသိမ်းခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် အလုပ်ကိုသက်သာစွာလုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။

• လိုက်လျောညီထွေနေထိုင်ခြင်း – ပတ်ဝန်းကျင်အပြောင်းအလဲများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကိုစုဆောင်းပြီး ၎င်းတို့အားလုပ်ငန်းခွင်မှာအသုံးချကာ ဝန်ထမ်းတွေကို အပြောင်းအလဲများနှင့်သဟဇာတဖြင်သည့် လုပ်ငန်းခွင်တစ်ခုထောက်ပံ့ခြင်း။ ဥပမာ- Work from Home ကိုခွင့်ပြုခြင်း။