စျေးကွက်ထဲမှာ နေရာရရှိဖို့ အကြံပြုချက် ၄ ခု

ယခုခေတ်မှာတော့ ကိုယ်နဲ့စီးပွားတူလုပ်ငန်းတွေဟာ အများအပြားရှိနေတာဖြစ်ပြီး ကိုယ့်လုပ်ငန်းအနေနဲ့ ဒီလို ပြိုင်ဖက်တွေအများကြီးရှိတဲ့စျေးကွက်မှာ စျေးကွက်တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားဖို့ရာ ခက်ခဲနိုင်ပါတယ်။ ဒီလို ယှဥ်ပြိုင်မှုတွေများတဲ့ စျေးကွက်မှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ဒီတစ်ပတ်မှာတော့ The Lab ကနေ အကြံပြုချက်လေးတွေ မျှဝေပေးလိုပါတယ်။

၁။ အွန်လိုင်းမှာ မျက်ခြေမပျက်ရှိနေပေးပါ – အွန်လိုင်းဟာ ယခုခေတ်မှာ လူအများသုံးစွဲနေတဲ့ (မြန်မာနိုင်ငံလူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းသုံးနေတဲ့) ဆက်သွယ်မှုလမ်းကြောင်းတစ်ခု ဖြစ်တာမို့ သင့်လုပ်ငန်းအကြောင်း၊ သင့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအကြောင်းကို အွန်လိုင်းကနေ ပုံမှန်မျှဝေပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဥပမာ- နေ့ထူးနေ့မြတ်တွေမှာ ဆုတောင်းစကားတွေကို ဆိုရှယ်မီဒီယာတွေမှာ မျှဝေတာမျိုးတွေ လုပ်သင့်ပါတယ်။ သို့မှသာ စျေးဝယ်သူအသစ်တွေရရှိပြီး ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအကြောင်းကို လူသိမှာ ဖြစ်ပါတယ်။

၂။ ပုံမှန်ဖောက်သည်တွေကို ထိန်းသိမ်းထားပါ – ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်တွေနဲ့ ပရိုမိုးရှင်းပေးခြင်း စတာတွေကို ပုံမှန်ဖောက်သည်တွေဆီကို မက်‌ဆေ့၊ အီးမေးလ်တွေကနေတဆင့် အကြောင်းကြားပေးမယ်ဆိုရင် သင့်ကို အမြဲတမ်းအားပေးနေတဲ့ စျေးဝယ်သူတွေကို ထိန်းသိမ်းထားနိုင်ပြီး ၎င်းတို့ရဲ့မိတ်ဆွေများမှတစ်ဆင့် ဝယ်သူအသစ်တွေရဖို့လည်း ကူညီပေးပါတယ်။ ဥပမာ – သင့်ရဲ့ ထုတ်ကုန်အသစ်တွေကို အမြဲတမ်းဖောက်သည်တွေဆီ လက်ဆောင်အဖြစ် ပို့ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။

၃။ စီးပွားတူလုပ်ငန်းတွေရဲ့ အလေ့အထတွေကို သိပါစေ – အခြားစီးပွားတူပြိုင်ဖက်တွေရဲ့ အလေ့အထတွေကို လေ့လာပြီး မိမိရဲ့ လက်ရှိလုပ်ငန်းအလေ့အထတွေနဲ့ နှိုင်းယှဥ်ကြည့်ခြင်းကလည်း ကိုယ့်လုပ်ငန်းက ဘာတွေလိုအပ်နေတယ်၊ စျေးကွက်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေအောင် ဘာတွေပြုပြင်ရမယ်ဆိုတာ သိနိုင်စေပါတယ်။ ဥပမာ – Tik Tok လို social media platform တွေကတဆင့် ကြော်ငြာခြင်းက ထိရောက်မှုရှိတယ်ဆိုရင် မိမိလည်း ထိုကဲ့သို့ ရောင်းချခြင်းမျိုးကို ပြုလုပ်ဖို့စဥ်းစားသင့်ပါတယ်။

၄။ စျေးဝယ်သူတွေရဲ့အကြံပြုမှုကိုအလေးအနက်ထားပါ – သင့်ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး စျေးဝယ်သူတွေရဲ့ အကြံပြုမှုကို နားထောင်သင့်ပါတယ်။ ထိုအကြံပြုမှုတွေကို အသုံးချပြီး သင့်ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်စေမယ်ဆိုရင် သင့်လုပ်ငန်းအပေါ် စျေးဝယ်သူတွေရဲ့ ယုံကြည်မှုနဲ့ချစ်ခင်မှုဟာ ပိုမိုတိုးပွားလာမှာ ဖြစ်ပါတယ်။ ဥပမာ- ဝန်ထမ်းတွေ ဆက်ဆံရေးမကောင်းတာမျိုး အကြံပြုခဲ့ရင် ဆက်ဆံရေးကောင်းအောင် ပြုပြင်ပေးတာမျိုး လုပ်သင့်ပါတယ်။